သားအိမ်အသားလုံးလို့ခေါ်ကြတဲ့ (Uterine Fibroids/Myoma) ဆိုတာကတော့ သားအိမ်မှာ ဖြစ်တဲ့ ကြွက်သားတစ်သျှူး အသားလုံးအမျိုးအစားဖြစ်ပြီး များသောအားဖြင့် ကင်ဆာမဟုတ်တဲ့ ရိုးရိုးအသားလုံးအမျိုးအစားဖြစ်ပါတယ်။
သားအိမ်အသားလုံးရဲ့ တည်နေရာ၊ အရွယ်အစား နဲ့ အရေအတွက်ပေါ် မူတည်ပြီး တစ်ဦးနဲ့ တစ်ဦး လက္ခဏာကွဲပြားနိုင်ပါတယ်။
ဒါကြောင့် အချို့သောသူတွေမှာ ရောဂါလက္ခဏာမပြဘဲ ကျန်းမာစစ်ဆေးခြင်း (medical checkup) အာထရာဆောင်းရိုက်ခြင်းကနေ သိရှိကြပြီး အချို့သောသူတွေမှာတော့ ရောဂါ လက္ခဏာပြခြင်းကြောင့် သိရှိကြတာမျိုးရှိပါတယ်။
သားအိမ်မှာ အသားလုံးဖြစ်တဲ့အခါ ခံစားရနိုင်တဲ့လက္ခဏာတွေကတော့
– ရာသီသွေးပမာဏများခြင်း၊ ရာသီရက်ရှည်ခြင်း
– ရာသီလာစဉ် ပြင်းပြင်းထန်ထန်ကိုက်ခဲခြင်း
– ဆီးစပ်ကိုက်ခြင်း/ဆီးစပ်တစ်ဝိုက် တင်းနေသည်ဟု ခံစားရခြင်း
– ခါးနာခြင်း
– ရာသီမမှန်ခြင်း
– ဆီးမကြာခဏသွားခြင်း
– ဝမ်းချုပ်ခြင်း
– လိင်ဆက်ဆံချိန်တွင်နာကျင်ခြင်း စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။
ဘယ်လိုသူတွေမှာ သားအိမ်အသားလုံး ဖြစ်လေ့ရှိသလဲ ?
– အဝလွန်သူများ
– မိသားစုမျိုးရိုးတွင် သားအိမ်အသားလုံးရှိသူများ
– ကလေးမမွေးဖူးသူများ
– ဓမ္မတာစပေါ်သော အသက်အရွယ်စောသူများ
– သွေးဆုံးချိန် နောက်ကျသူများ စတဲ့သူတွေမှာ သားအိမ်အသားလုံး ဖြစ်နိုင်ခြေများပါတယ်။
သားအိမ်အသားလုံးရှိခြင်းကြောင့် ဖြစ်နိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကတော့
– ရာသီသွေးပမာဏများခြင်းကြောင့် သွေးအားနည်းခြင်း
– အချို့သော သားအိမ်အသားလုံး အမျိုးအစားများတွင်
– ကလေးမရနိုင်ခြင်း
– ကိုယ်ဝန်ဆောင်ချိန်တွင်သားအိမ်အသားလုံးကြောင့်
– အချင်းကွာခြင်း
– သန္ဓေသားဖွံဖြိုးမှုနှေးကွေးခြင်း
– လမစေ့ဘဲ မီးဖွားခြင်း စတဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်ပါတယ်။
သားအိမ်အသားလုံး ရှိ၊ မရှိ သိနိုင်ဖို့
– အာထရာဆောင်း (Ultrasound) စစ်ဆေးခြင်း
– သံလိုက်ဓာတ်မှန် (MRI) စစ်ဆေးခြင်း
– ကွန်ပျူတာဓာတ်မှန် (CT) စစ်ဆေးခြင်း
– သားအိမ်အတွင်း မှန်ပြောင်းကြည့် စစ်ဆေးခြင်း (Hysteroscopy)
– သားအိမ်နှင့် သားဥပြွန် ဓာတ်မှန်စစ်ဆေးခြင်း (Hysterosalpingography)
– သားအိမ်အတွင်း ဆားရည်သွင်းပြီး စစ်ဆေးခြင်း (SonoHysterography) စတဲ့ နည်းလမ်းတွေနဲ့ စစ်ဆေးနိုင်ပါတယ်။
သားအိမ်အသားလုံးကို ဘယ်လိုကုသမလဲ ?
သားအိမ်အသားလုံး တည်နေရာ၊ အရွယ်အစား၊
အရေအတွက်နဲ့ ရောဂါလက္ခဏာတွေပေါ်မူတည်ပြီး
– ရောဂါအခြေအနေကို စစ်ဆေးစောင့်ကြည့်ခြင်း
– ဆေးဝါးများဖြင့်ကုသခြင်း
– ခွဲစိတ်ကုသခြင်းဆိုပြီး ကုသနည်း ကွဲပြားနိုင်ပါတယ်။
သားအိမ်အသားလုံးရှိတဲ့သူတွေအနေနဲ့တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီး မိမိနဲ့ သင့်လျော်တဲ့ ကုသမှုခံယူဖို့ တိုက်တွန်းလိုပါတယ်။
Photo Credit – freepik