News

【နိုင်ငံတကာ】အမေရိကန်သမ္မတရွေးကောက်ပွဲထရမ့်အနိုင်ရ၊ ဒီနေ့ဟာအမေရိကန်ပြည်သူတွေသူတို့ရဲ့နိုင်ငံကို ပြန်လည်ရယူ ထိန်းချုပ်နိုင်လိုက်တဲ့နေ့ဖြစ်တယ်လို့ ထရမ့်ကြေညာ

【နိုင်ငံတကာ】အမေရိကန်သမ္မတရွေးကောက်ပွဲထရမ့်အနိုင်ရ၊ ဒီနေ့ဟာအမေရိကန်ပြည်သူတွေသူတို့ရဲ့နိုင်ငံကို ပြန်လည်ရယူ ထိန်းချုပ်နိုင်လိုက်တဲ့နေ့ဖြစ်တယ်လို့ ထရမ့်ကြေညာ

ဝါရှင်တန်(NBC)

အင်္ဂါနေ့မှာပြုလုပ်ခဲ့တဲ့ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ သမ္မတဟောင်းဒေါ်လ်နယ်ထရမ့်ဟာ ပြိုင်ဘက်လက်ရှိဒု-သမ္မတနဲ့ဒီမိုကရက်ပါတီသမ္မတလောင်းကမာလာဟဲရစ်ကို အနိုင်ယူပြီး အိမ်ဖြူတော်ကို ၄၇ ဆက်မြောက်သမ္မတအဖြစ်ပြန်လည်ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ 

အကြိတ်အနယ်ရှိမယ်လို့မှန်းဆထားခဲ့ကြပေမယ့် ထရမ့်ဟာလိုအပ်တဲ့ ကိုယ်စားလှယ်မဲ ၂၇၀ ကို စောစီးစွာပဲရရှိသွားခဲ့ပြီး ဝစ်ကွန်ဆင်ပြည်နယ်မှာ အနိုင်ရရှိသွားချိန် မနက် ၅နာရီခွဲမှာပဲသမ္မတအဖြစ်အနိုင်ရဖို့ သေချာသွားခဲ့ပါတယ်။ ယခုနောက်ဆုံးရေတွက်ပြီးတဲ့အထိ ထရမ့်က ကိုယ်စားလှယ်မဲ ၂၉၂ မဲ၊ဟဲရစ်က ၂၂၄ မဲ ရရှိထားပါတယ်။

ဒါ့အပြင် ထရမ့်ရဲ့ရီပတ်ဘလစ်ကန်ပါတီဟာ အထက်လွှတ်တော်မှာလည်းလူများစုနေရာ အနိုင်ရရှိခဲ့ပါတယ်။ အောက်လွှတ်တော်မှာတော့ မဲတွေဆက်လက်ရေတွက်နေဆဲဖြစ်ပြီး ရီပတ်ဘလစ်ကန်ပါတီက အမတ်နေရာ ၂၀၀  နဲ့ဒီမိုကရက်ပါတီက ၁၈၃ ရရှိနေပါတယ်။ နောက်ဆုံးရလဒ်သိရဖို့ ရက်သတ္တပတ်အနည်းငယ်စောင့်ရဖွယ်ရှိနေပါတယ်။

ဟဲရစ်ဟာ ဗုဒ္ဓဟူးနေ့က ထရမ့်ကိုဖုန်းနဲ့ ရွေးကောက်ပွဲအနိုင်ရတဲ့အတွက်ဂုဏ်ပြုစကားပြောကြားခဲ့ပြီး ငြိမ်းချမ်းစွာအာဏာလွှဲပြောင်းရေးရဲ့အရေးကြီးမှုနဲ့ အမေရိကန်အားလုံးအတွက် သမ္မတတစ်ဦးဖြစ်မှုတို့ကို အလေးထားပြောခဲ့ပါတယ်။

ဟဲရစ်ဟာ ဒေသစံတော်ချိန် ဗုဒ္ဓဟူးနေ့ ညနေ ၄ နာရီမှာဝါရှင်တန်မြို့ Howard တက္ကသိုလ်မှာ ရှုံးနိမ့်ကြောင်းလက်ခံတဲ့မိန့်ခွန်းတစ်ရပ်ကို ပြောကြားဖို့ပြင်ဆင်နေပါတယ်။  သမ္မတဂျိုးဘိုင်ဒန် ကတော့ ကြာသပတေးနေ့မှာ နိုင်ငံကိုမိန့်ခွန်းပြောကြားဖို့ စီစဉ်ထားပါတယ်။

ဒေါ်လ်နယ်ထရမ့်ဟာ နှစ်ပေါင်း ၁၂၀ လောက်အတွင်းမှာ  ရွေးကောက်ပွဲရှုံးနိမ့်ပြီး ဒုတိယသက် တမ်းကို အနိုင်ရလာတဲ့ ပထမဆုံးသမ္မတဟောင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့အစောပိုင်းက West Palm Beach မှာ ထောက်ခံသူတွေကို မိန့်ခွန်းပြောရာမှာ ထရမ့်က ဒီနေ့ဟာ အမေရိကန်ပြည်သူတွေအနေနဲ့ သူတို့ရဲ့ နိုင်ငံကို ပြန်လည်ရယူထိန်းချုပ်နိုင်လိုက်တဲ့နေ့အဖြစ် ထာဝရအမှတ်ရနေမှာဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။

မဲဆန္ဒရှင်တွေဟာ ထရမ့်ကို မရေရာတဲ့အချိန်တွေမှာ ပိုမိုသန်မာအားကောင်းတဲ့ ခေါင်းဆောင်တစ်ဦးအဖြစ်နဲ့ စီးပွားရေးအရစွမ်းဆောင်နိုင်သူအဖြစ်သက်သေပြသနိုင်မယ်လို့ရှုမြင်ကြတာကြောင့် သမ္မတအဖြစ်ရွေးချယ်လိုက်ကြတာပဲဖြစ်ပါတယ်။ သူဟာ အိမ်ဖြူတော်ကို ခွန်အားသန်မာတဲ့လူပုဂ္ဂိုလ်ပုံစံနိုင်ငံရေးကို သယ်ဆောင်လာဖို့ ငွေကြေးဖောင်းပွမှုနဲ့တရားမဝင်နယ်စပ်ဖြတ်ကျော်မှုတို့အပေါ် စိတ်ပျက်နေမှုတို့ကို အခွင့်ကောင်းယူနိုင်ခဲ့ပါတယ်။

ဒါဟာ ကိုဗစ် ၁၉ ကပ်ရောဂါဘေးအလွန် ငွေကြေးဖောင်းပွမှု၊အိမ်ခြံမြေဈေးတွေမြင့်တက်လာမှုနဲ့ စီးပွားရေးမရေမရာဖြစ်မှုတို့နဲ့အတူ လူကြိုက်နည်းလာတဲ့ ဘိုင်ဒန်အစိုးရနေရာမှာ မဲဆန္ဒရှင်တွေက အပြောင်းအလဲလုပ်ဖို့လိုလားနေတာကို ပြသလိုက်တာပဲဖြစ်ပါတယ်။

ထရမ့်ဟာ သူ့ရဲ့မဲဆွယ်စည်းရုံးရေးမှာ အမေရိကန်-မက္ကစီကိုနယ်စပ်ကို ခြံစည်းရိုးကာရံရေး၊ အထောက်အထားမခိုင်လုံတဲ့ သန်းနဲ့ချီတဲ့ရွှေ့ပြောင်းဝင်ရောက်လာသူတွေကို နှင်ထုတ်ရေးအပေါ် အဓိကထားခဲ့ပါတယ်။

သူဟာ ပြည်တွင်းလုပ်ငန်းတွေ ပိုမိုအားကောင်းလာရေးအတွက် ကျယ်ပြန့်တဲ့ အကောက်ခွန်တွေစည်းကြပ်ဖို့ ကတိပြုခဲ့ပါတယ်။ သူ့မဲဆွယ်စည်းရုံးရေးနောက်ဆုံးရက်သတ္တပတ်တွေမှာ အပိုဆုကြေးတွေ၊ အချိန်ပိုလုပ်အားခနဲ့ လူမှုဖူလုံရေးထောက်ပံ့ကြေးတွေအပေါ် အခွန်ကောက်ခံမှုတွေကိုပယ်ဖျက်ပေးဖို့ကတိပြုပြီး မဲဆန္ဒနယ်တွေရဲ့မတူညီတဲ့ကဏ္ဍတွေကို တန်ဖိုးကြီးမားတဲ့ဘဏ္ဍာရေးကတိကဝတ်တွေ အမြောက်အမြားပေးခဲ့ပါတယ်။

ထရမ့်အနိုင်ရရှိမှုအပေါ် ကမ္ဘာ့ခေါင်းဆောင်တွေက ချီးကျူးဂုဏ်ပြုခဲ့ကြပါတယ်။ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ထရမ့်အနိုင်ရမှုဟာ အစ္စရေးနဲ့အမေရိကန်တို့ကြား ကြီးမြတ်တဲ့မဟာမိတ်ဖြစ်မှုအတွက် အင်အားကြီးမားတဲ့ပြန်လည်ကတိပြုချက်တရပ်ကိုရရှိစေတယ်လို့ပြောပါတယ်။ ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာက ထရမ့်နဲ့အတူလက်တွဲလုပ်ဆောင်ဖို့ သူမျှော်လင့်နေတယ်လို့ ပြောပါတယ်။

၂၀၂၅ ဇန်နဝါရီလ ၆ ရက်နေ့မှာကွန်ဂရက်က ၂၀၂၄ ရွေးကောက်ပွဲရလဒ်ကို တရားဝင်ထုတ်ပြန်ကြေညာပြီးတဲ့နောက် ထရမ့်နဲ့ဒုသမ္မတလောင်း အမေရိကန်အထက်လွှတ်တော်အမတ် ဂျေဗွီဗန့်စ်တို့ဟာ  ဇန်နဝါရီ ၂၀ မှာ ကျမ်းသစ္စာကျိန်ဆိုပြီး တရားဝင်သမ္မတရာထူး လက်ခံရယူမှာပဲဖြစ်ပါတယ်။

စိုးချစ်

What to Read Next