ရန်ကုန်၊ ဩဂုတ် – ၂၀
လက်ရှိဘဏ္ဍာနှစ် လေးလကျော်အတွင်း ပြည်ပနိုင်ငံများသို့ ပို့ကုန်တင်ပို့မှုသည် ယခင်နှစ်အလားတူကာလထက်ကန်ဒေါ်လာသန်း ၆၀၀ နီးပါး ကျဆင်းခဲ့ကြောင်း စီးပွားကူးသန်းရဲ့ အချက်လက်တွေအရ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ဩဂုတ် ၁၁ ရက်အထိ လေးလကျော်အတွင်း ပြည်ပပို့ကုန်တင်ပို့မှုတန်ဖိုးဟာ ကန်ဒေါ်လာ ၆၂၄၅ သန်းကျော်ရှိခဲ့သော်လည်း ယခုနှစ် ဧပြီလ ၁ ရက်မှ ဩဂုတ် ၁၁ ရက်အထိပြည်ပပို့ကုန်တင်ပို့မှုတန်ဖိုးဟာ ကန်ဒေါ်လာသန်း ၅၆၆၀ ကျော်သာရှိခဲ့တာကြောင့် ယခင်နှစ်အလားတူကာလထက်ကန်ဒေါ်လာသန်း ၅၈၄ သန်းကျော် လျော့နည်းခဲ့ခြင်းဖြစ်ပါတယ်။
အခုဘဏ္ဍာနှစ်လေးလကျော်အတွင်း ပြည်ပသို့တင်ပို့ခဲ့တဲ့ ပို့ကုန်များအနက် လယ်ယာထွက်ပစ္စည်းတင်ပို့မှုမှာယခင်နှစ်အလားတူကာလထက် ကန်ဒေါ်လာ ၁၆၇ သန်း လျော့နည်းခဲ့သလို စက်မှုကုန်ချောတင်ပို့မှုမှာ ကန်ဒေါ်လာသန်း ၇၈၀ ကျော် လျော့နည်းခဲ့ပြီး ရေထွက်ပစ္စည်းတင်ပို့မှုမှာလည်း ကန်ဒေါ်လာ ၂၇ သန်းကျော်လျော့နည်းခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ သစ်တောထွက်ပစ္စည်းတင်ပို့မှုမှာလည်း ယခင်နှစ် အလားတူကာလထက် ကန်ဒေါ်လာ ၃၃ သန်း၊သတ္တုတွင်းထွက်ပစ္စည်းတင်ပို့မှုမှာ ကန်ဒေါ်လာ ၁၆ သန်းနဲ့ တိရစ္ဆာန်ထွက်ပစ္စည်းတင်ပို့မှုမှာ ကန်ဒေါ်လာ ၁၃ သန်းလျော့နည်းခဲ့ပြီး အခြားပို့ကုန်များရဲ့ စုစုပေါင်းတင်ပို့မှုမှာတော့ အရင်နှစ်အလားတူကာလထက် ကန်ဒေါ်လာ သန်း၄၅၀ ကျော် တိုးလာတယ်လို့ စီးပွားကူးသန်းရဲ့ အချက်လက်တွေအရ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တစ်နှစ်အတွင်း ပြည်ပပို့ကုန်အားလုံးရဲ့ စုစုပေါင်းတင်ပို့မှုတန်ဖိုးဟာ ကန်ဒေါ်လာ ၁၆၆၂၀ သန်းကျော်ရှိခဲ့ပြီး၊ သွင်းကုန်တင်သွင်းမှုမှာတော့ ကန်ဒေါ်လာ ၁၇၃၅၂ သန်းကျော်ရှိခဲ့တယ်လို့ စီးပွားကူးသန်းက ထုတ်ပြန်ထားပါတယ်။