တိုက်ပွဲတွေ ဖြစ်ပွါးနေတဲ့ မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်ထဲမှာ တကမ္ဘာလုံးမှီခိုနေရတဲ့ မြေရှားသတ္တု ထုတ်လုပ်မှု ရုတ်ချည်းတိုးလာတာကြောင့် ဒေသခံတွေကိုရော သဘာဝဝန်းကျင်ကိုပါ ဆိုးဆိုးရွားရွား ထိခိုက်လာတာတွေ့ရတယ်လို့ နိုင်ငံတကာ သဘာဝသယံဇာတအရေး စောင့်ကြည့်တဲ့ Global Witness အဖွဲ့က သတိပေးလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ တွေ့ရတဲ့ မြေရှားသတ္တုဟာ လျှပ်စစ်ကားတွေ၊ လေစွမ်းအင်သုံး တာဘိုင်တွေမှာ အဓိကသုံးရတဲ့ တာရှည်ခံသံလိုက်ထုတ်လုပ်ရာမှာ မရှိမဖြစ်လိုအပ်တဲ့ လေးတဲ့မြေရှားသတ္တု (Heavy rare earths) အမျိုးအစား ဖြစ်ပြီး မြန်မာနိုင်ငံဟာ အခုဆို ကမ္ဘာမှာ ဒီလို လေးတဲ့မြေရှားသတ္တု အများဆုံးထွက်တဲ့ တည်းသော နေရာလည်းဖြစ်နေတယ်လို့ Global Witness က အစီရင်ခံစာထုတ်ပြန် ပြောဆိုပါတယ်။
ဒီမြေရှားသတ္တုတွေကို မြန်မာနိုင်ငံမှာ စည်းစံနစ်မကျပဲ ထုတ်လုပ်နေတာကြောင့် သဘာဝဝန်းကျင်ကိုရော ဒေသခံလူနေမှု ဘဝကိုပါ အကြီးအကျယ် ထိခိုက်မှုရှိမယ် ဆိုတာကိုအနောက်နိုင်ငံအများအပြားက မသိပဲ ဝယ်ယူတာ ဒါမှမဟုတ် လျှပ်စစ်ကားတွေမှာ သုံးလာနိုင်တာကြောင့် သတိပေးတာ ဖြစ်ပါတယ်။ မြန်မာထုတ် လေးတဲ့မြေရှားသတ္တုအများစုကို အမေရိကန်၊ ဥရောပနဲ့ အာရှက နာမည်ကြီး လျှပ်စစ်ကားတွေ၊ လေစွမ်းအင်ထုတ် တာဘိုင်စက်တွေအတွက် တာရှည်ခံသံလိုက် ထုတ်လုပ်ရာမှာ သုံးနေတာ Global Witness က စုံစမ်းတွေ့ရှိရတယ်လို့ ဖေါ်ပြထားပါတယ်။