News

ဘီပိုးကာကွယ်ဆေး ထိုးမယ်ဆို ဘယ်နှစ်ကြိမ်ထိုးရမလဲ၊ ဘာကြောင့် ဘီပိုးကာကွယ်ဆေး ထိုးထားသင့်တာလဲ ?

ဘီပိုးကာကွယ်ဆေး ထိုးမယ်ဆို ဘယ်နှစ်ကြိမ်ထိုးရမလဲ၊ ဘာကြောင့် ဘီပိုးကာကွယ်ဆေး ထိုးထားသင့်တာလဲ ?

အသည်းရောင်အသားဝါဘီရောဂါပိုး ကာကွယ်‌ဆေးထိုးထားခြင်းရဲ့ ကောင်းကျိုးတွေကတော့ အသည်းရောင်အသားဝါဘီပိုးကြောင့်ဖြစ်တဲ့

– အသည်းရောင်၊

– အသည်းခြောက်၊

– အသည်းကင်ဆာ စတဲ့ ရောဂါတွေ မဖြစ် အောင် ကာကွယ်နိုင်ပါတယ်။

          ဘယ်သူတွေ ဘီပိုးကာကွယ်ဆေး ထိုးထားသင့်သလဲ ?

-အသည်းရောင်အသားဝါဘီရောဂါပိုး ကာကွယ်ဆေးဟာ လူတိုင်း ထိုးထားသင့်တဲ့ ကာကွယ်ဆေးဖြစ်ပါတယ်။အထူးသဖြင့် ဘီပိုးကူးစက်နိုင်ခြေများသူတွေဖြစ်တဲ့

– မိသားစုထဲတွင် ဘီပိုးရှိသူများ

– သွေးနှင့် ခန္ဓာကိုယ်မှထွက်သော အရည်များကို ကိုင်တွယ်ရသူများ (ဥပမာ – ကျန်းမာရေးဝန်ထမ်းများ၊ သန့်ရှင်းရေးဝန်ထမ်းများ)

– မူးယစ်ဆေးဝါးသုံးစွဲသူများ

– အခ‌‌ကြေး‌ငွေနှင့် လိင်ဆက်ဆံသူများ

– အကာအကွယ်မပါဘဲ လိင်ဆက်ဆံသူများ

– သွေးမကြာခဏသွင်းရသူများ

– ကျောက်ကပ်ဆေးနေရသူများ

– အခြား‌သော အသည်းရောဂါရှိသူများ 

စတဲ့သူတွေမှာတော့ မဖြစ်မနေ ဘီပိုးကာကွယ်ဆေး ထိုးထားသင့်ပါတယ်။

ဘီပိုးကာကွယ်ဆေး မထိုးသင့်တဲ့သူတွေကတော့

– အသည်းရောင်အသားဝါဘီပိုးရှိသူများ

– ကာကွယ်ဆေးနှင့် မတည့်သူများ စတဲ့သူတွေကတော့ ဘီပိုးကာကွယ်ဆေး ထိုးလို့ မရပါဘူး။

          ဘီပိုးကာကွယ်ဆေးကို ဘယ်နှစ်ကြိမ်၊ ဘယ်လိုထိုးရမလဲ ?

ကာကွယ်ဆေး တစ်ခါမှ မထိုးဖူးသူတွေအနေနဲ့ ဘီပိုးကာကွယ်ဆေး မထိုးမီ ဘီပိုး ရှိ၊ မရှိ စစ်ဆေးဖို့ လိုပါတယ်။ဘီပိုးမရှိတာ သေချာပြီဆိုရင်တော့ ဘီပိုးကာကွယ်ဆေးကို ၃ ကြိမ်ထိုးဖို့ လိုပါတယ်။

ဘီပိုးကာကွယ်ဆေးဟာ လက်မောင်းမှာထိုးရတဲ့ အသားဆေးအမျိုးအစားဖြစ်ပါတယ်။ ၀-၁-၆ ဆိုပြီး ဆေးထိုးရမယ့်အချိန်ကို မှတ်ထားနိုင်ပါတယ်။

ပထမလမှာ – ပထမဆုံး ၁ လုံး

နောက် ၁ လခြားပြီးနောက် – ဒုတိယ ၁ လုံး

ဆေးစထိုးတာကနေ ၆ လမြောက်မှာ – တတိယ ၁ လုံး

အားလုံးပေါင်း ၃ ကြိမ်ထိုးရမှာဖြစ်ပါတယ်။

          ဆေး ၃ ကြိမ် ထိုးပြီးတာနဲ့ ဘီပိုးကို ကာကွယ်နိုင်ပြီလား ? ၊ ဆေးနောက်ထပ်ထိုးဖို့လိုသေးလား ?

– ဆေး ၃ ကြိမ်လုံး ထိုးပြီးနောက်မှာ ဆေးအောင်၊ မအောင် သိရဖို့ ဘီပိုးကိုယ်ခံအား ရှိ၊ မရှိ (Anti-HBs) စစ်ဆေးဖို့ လိုပါတယ်။

– ဘီပိုးဆေးအောင်သွားတဲ့သူတွေအနေနဲ့ နောက် ၅ နှစ်ပြည့်ချိန်မှာ အားဖြည့် Booster dose ကာကွယ်ဆေးတစ်လုံး ထပ်ထိုးဖို့ လိုပါတယ်။

– ဘီပိုးဆေးမအောင်တဲ့သူတွေမှာတော့ ကိုယ်ခံအားပမာဏ (Anti-HBs Level) ပေါ် မူတည်ပြီး ဆေးထပ်ထိုးတာ၊ ဘီပိုး ရှိ၊ မရှိ နောက်ထပ် စစ်ဆေးတာတွေလုပ်ဖို့ လိုပါတယ်။

ကိုယ်ဝန်ဆောင်မိခင်မှာ ဘီပိုးရှိတယ်ဆိုရင်တော့

မွေးလာမယ့် ကလေးကို ဘီပိုးမကူးစက်အောင် ကာကွယ်ဖို့ မွေးကင်းစ ကလေးငယ်ကို မွေးပြီးပြီးချင်း (သို့မဟုတ်) (၁၂ နာရီအတွင်း) မှာ ဘီပိုးကိုယ်ခံအားဆေး (Hepatitis B immunoglobulin) နဲ့ ဘီပိုးကာကွယ်ဆေး ၂ လုံး ထိုးဖို့ လိုပါတယ်။

နောက် ၁ လအကြာမှာ ကာကွယ်ဆေး ၁ လုံးနဲ့ ၆ လအကြာမှာ နောက်ထပ်ကာကွယ်ဆေး ၁ လုံး ထိုးဖို့ လိုပါတယ်။

ဘီပိုးဟာ ကာကွယ်လို့ရတာကြောင့် လူတိုင်း ဘီပိုးကာကွယ်ဆေး ထိုးထားကြဖို့ တိုက်တွန်းလိုပါတယ်။

Photo Credit – freepik

What to Read Next