လော့စ်အိန်ဂျလိစ်၊ (EUROGAMER)
Riot Games က ဖန်တီးထားတဲ့ အခမဲ့ကစားနိုင်တဲ့ သေနတ်ပစ်ဂိမ်း Valorant ကို PlayStation 5 နဲ့ Xbox Series X/S တို့ပေါ်မှာ အပြည့်အဝ စတင်ဆော့ကစားနိုင်ပြီဖြစ်တယ်လို့ EUROGAMER ရဲ့ သြဂုတ်လ ၂ ရက်နေ့ ဖော်ပြမှုအရ သိရပါတယ်။
ယခင်က ကွန်ပျူတာဂိမ်းသာဖြစ်တဲ့ Valorant ကို မကြာသေးမီကတော့ အဆိုပါဂိမ်းစက်တွေပေါ်မှာ စမ်းသပ်လွှင့်တင်ပေးထားခဲ့တာဖြစ်ပါတယ်။
Valorant ဂိမ်းကို PlayStation 5 နဲ့ Xbox Series X/S ဂိမ်းစက်တွေအတွက် ဖြန့်ချိခဲ့ပေမယ့်လည်း ကွန်ပျူတာဗားရှင်းနဲ့ ဂိမ်းစက်တို့အကြား ချိတ်ဆက်ဆော့ကစားနိုင်မှာ မဟုတ်ဘူးလို့ Riot က ပြောကြားခဲ့ပါတယ်။ဒါပေမဲ့ ဂိမ်းအတွင်း အဆင်မြှင့်တင်မှုတွေကိုတော့ ကွန်ပျူတာနဲ့ ဂိမ်းစက်တွေအကြား တစ်ပြိုင်နက်တည်း ထုတ်ပေးမှာဖြစ်ပြီး၊ နောက်ထပ် မြေပုံတွေနဲ့ ဇာတ်ကောင်သစ်တွေကတော့ တစ်ချိန်တည်းမှာပဲ ရောက်ရှိလာမှာဖြစ်တယ်လို့ Riot က ကတိပြုထားပါတယ်။
Valorant ဂိမ်းဟာ အလွန်တရာ လူကြိုက်များခဲ့တဲ့ အဖွဲ့လိုက် သေနတ်ပစ်ခတ်တဲ့ ဂိမ်း Counter-Strike ကို အခြေခံကာ ဖန်တီးထားတာဖြစ်ပြီး၊ တစ်ဖက် ငါးဦးစီ အဖွဲ့-ဖွဲ့ကာ မဟာဗျူဟာကျကျစဉ်းစား တွေးခေါ် ဆော့ကစားရတာဖြစ်ပါတယ်။
eSports ပြိုင်ပွဲတွေမှာလည်း ထင်ရှားတဲ့ ဂိမ်းတစ်ခုလည်းဖြစ်သလို အလွန်လူကြိုက်များတဲ့ ဂိမ်းတစ်ခုအဖြစ်လည်း ရပ်တည်လျက်ရှိပါတယ်။