ပေကျင်း၊ (CMG)
တရုတ်နိုင်ငံက ဒီဂျစ်တယ် အသွင်ကူးပြောင်းရေးကို အရှိန်အဟုန်တိုးမြှင့် လုပ်ဆောင်လျက်ရှိရာမှာ အသက်မွေးဝမ်းကြောင်းအတွက် အလုပ်အကိုင်အခွင့်အလမ်းသစ်တွေ ပေါ်ထွန်းလာလျက်ရှိနေတယ်လို့ CMG သတင်းဌာနရဲ့ သြဂုတ် ၂ ရက်နေ့က ဖော်ပြမှုအရ သိရပါတယ်။
မကြာသေးခင်က တရုတ်ဟာ နိုင်ငံရဲ့ တရားဝင်အသိအမှတ်ပြု အလုပ်အကိုင်များစာရင်းတွင် အလုပ်အကိုင်သစ် ၁၉ ခုကို ထပ်မံထည့်သွင်းခဲ့ပြီး အလုပ်ရှာဖွေနေတဲ့ ပြည်သူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုများပြားလာစေခဲ့ပါတယ်။
တရုတ်နိုင်ငံက အသစ်ထပ်မံထည့်သွင်းလိုက်တဲ့ အလုပ်အကိုင်သစ်တွေထဲက ထက်ဝက်ကျော်ဟာ ဒီဂျစ်တယ် အသွင်ကူးပြောင်းရေး မောင်းနှင်မှုတွေကြားထဲ ပါဝင်နေတဲ့ ဉာဏ်ရည်တု (AI) စနစ်အတွက် အော်ပရေတာအလုပ်၊ စမတ်ယာဉ် စမ်းသပ်မှုအလုပ်နဲ့ စက်မှု-အင်တာနက် ပြုပြင်ထိန်းသိမ်းရေး အလုပ်တွေကဲ့သို့ ဒီဂျစ်တယ်နဲ့ စမတ်နည်းပညာနဲ့ သက်ဆိုင်တဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေဖြစ်တယ်လို့ လူ့စွမ်းအား အရင်းအမြစ်နဲ့ လူမှုဖူလုံရေး ဝန်ကြီးဌာနက ဖော်ပြမှုအရ သိရပါတယ်။
တရုတ်နိုင်ငံတွင်း AI နည်းပညာ ဖွံ့ဖြိုးတိုးတက်မှု အလွန်မြန်ဆန်လာတာနဲ့အမျှ AI ကဏ္ဍမှာ လုပ် သားလိုအပ်ချက်တွေ မြင့်တက်လာခဲ့ပြီး၊ ယခုနှစ်အတွင်း နိုင်ငံတစ်ဝှမ်းက ဘွဲ့ရရှိထားသူတွေအတွက် အလုပ်အကိုင်ဖန်တီးမှုနဲ့ လုပ်သားလက်ခံမှုတို့မှာ AI ကဏ္ဍက ထိပ်ဆုံးက ရပ်တည်လျက်ရှိနေတယ်လို့လည်း အလုပ် အကိုင်ရှာဖွေရေး ပလက်ဖောင်းတစ်ခုဖြစ်သည့် Lagou က ဖော်ပြမှုအရ သိရပါတယ်။
တရုတ်ဟာ နိုင်ငံရဲ့ ဒီဂျစ်တယ် အသွင်ကူးပြောင်းရေး မောင်းနှင်မှုကို စတင်လိုက်တာနဲ့အမျှ နိုင်ငံ အတွင်း AI လုပ်ငန်း ၄၅၀၀ ကျော် ပေါ်ထွန်းလာခဲ့သလို၊ ယခုနှစ် ပထမသုံးလပတ်အတွင်းမှာလည်း အလုပ်အကိုင်အခွင့်အလမ်းတွေ များစွာပေါ်ထွက်လာခဲ့ကာ အစောပိုင်းနှစ်တွေကထက် ၃၂၀ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့တယ်လို့ အလုပ်အကိုင်ရှာဖွေရေး ဝန်ဆောင်မှုပေးတဲ့ Liepin ရဲ့ အဆိုအရ သိရပါတယ်။ထို့အပြင် AI ကဏ္ဍ၊ ဒီဂျစ်တယ် စမတ်နည်းပညာတို့နဲ့ ဆက်စပ်တဲ့ အလုပ်လျှောက်လွှာတွေဟာလည်း ၉၄၀ ရာခိုင်နှုန်းကျော်အထိ မြင့်တက်လာခဲ့ပါတယ်။
ယခု ၂၀၂၄ ခုနှစ်အတွင်း နိုင်ငံတစ်ဝှမ်းရှိ ကောလိပ်များမှ ကျောင်းသား ၁၁.၇၉ သန်းခန့် ဘွဲ့ရရှိမယ်လို့ တရားဝင်ခန့်မှန်းချက်တွေအရ သိရပြီး၊ ၂၀၂၃ ခုနှစ်နဲ့ နှိုင်းယှဉ်ပါက ဘွဲ့ရရှိသူဦးရေ ၂၁၀,၀၀၀ ခန့် တိုးမြင့်လာမှာဖြစ်တဲ့အတွက် တရုတ်နိုင်ငံအတွင်း ပေါ်ထွန်းလာလျက်ရှိတဲ့ အလုပ်အကိုင်အခွင့်အလမ်းသစ်တွေအတွက် လုပ်သားလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖွယ်ရှိနေပါတယ်။