News

အိန္ဒိယတွင် ဒီဂျစ်တယ်နည်းပညာဖြင့် လိမ်လည်လှည့်စားမှုများ ပိုမိုကြီးထွားလာ

အိန္ဒိယတွင် ဒီဂျစ်တယ်နည်းပညာဖြင့် လိမ်လည်လှည့်စားမှုများ ပိုမိုကြီးထွားလာ

နယူးဒေလီ၊ (THEREGISTER)

အိန္ဒိယနိုင်ငံတွင် ဒီဂျစ်တယ်နည်းပညာဖြင့် လိမ်လည်လှည့်စားမှုများ ပိုမိုကြီးထွားလာလျက်ရှိနေတယ်လို့ THEREGISTER ရဲ့ သြဂုတ်လ ၁၃ ရက်နေ့ ဖော်ပြမှုအရ သိရပါတယ်။

လိမ်လည်သူတွေဟာ တာဝန်ရှိသူတွေ၊ စုံစမ်းစစ်ဆေးရေးမှူးနဲ့ ရဲအရာရှိတွေအဖြစ် ဟန်ဆောင်ပြီး ၎င်းတို့ပစ်မှတ်ထားသူတွေကို လိမ်လည်လှည့်စားကြတာဖြစ်တယ်လို့ ဒေလီရဲတပ်ဖွဲ့က ပြောပါတယ်။

အိန္ဒိယနိုင်ငံ၊ ဒေလီမြို့တွင် ပြီးခဲ့တဲ့ သီတင်းပတ်က အမျိုးသမီးတစ်ဦးဟာ ဒီဂျစ်တယ် လိမ်လည်လှည့်ဖျားမှုတစ်ခုကို ကြုံတွေ့ခဲ့ရပါတယ်။၎င်းအမျိုးသမီးဟာ ရဲအရာရှိတွေအဖြစ် ဟန်ဆောင်ထားတဲ့ လိမ်လည်သူတွေကို ငွေကြေးပေးလိုက်ရတယ်လို့ ဒေလီရဲတပ်ဖွဲ့က ဆိုပါတယ်။လိမ်လည်သူတွေဟာ ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CBI) မှ အရာရှိတွေအဖြစ် ဟန်ဆောင်ပြီး၊ နစ်နာသူဆီ ဖုန်းခေါ်ဆိုကာ လိမ်လည်ခဲ့ကြတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ရှင်းပြခဲ့ပါတယ်။

လိမ်လည်သူတွေဟာ နစ်နာသူ အမျိုးသမီးထံ ဖုန်းခေါ်ပြီး ၎င်းရဲ့ အမျိုးသားဟာ ရာဇဝတ်မှု ကျူးလွန်ထားတယ်လို့ တိုင်ကြားခံထားရကြောင်း ပြောခဲ့ပြီး အမျိုးသား လွတ်မြောက်ဖို့အတွက် အခကြေးငွေပေးရန် တောင်းဆိုခဲ့ပါတယ်။ခြောက်နာရီကြာ ခြိမ်းခြောက်တောင်းဆိုပြီးတဲ့အခါမှာ နစ်နာသူက ရူပီး ၂၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၂၃၈၄) ကို ပေးချေခဲ့ပြီးနောက်မှာတော့ ၎င်းရဲ့ အမျိုးသား အိမ်ပြန်ရောက်လာခဲ့ရာမှ လိမ်လည်ခံရကြောင်း သိရှိခဲ့တာဖြစ်ပါတယ်။

ရဲတပ်ဖွဲ့က အဆိုပါဖြစ်ရပ်နဲ့ပတ်သက်ပြီး လူသုံးဦးကို ဖမ်းဆီးထားပါတယ်။သံသယရှိသူတွေထဲက တစ်ဦးဟာ ဘဏ်တစ်ခုမှာ အလုပ်-လုပ်ခဲ့တာကြောင့် ဘဏ်လုပ်ငန်းစနစ်ကို ကျွမ်းကျင်သူဖြစ်ပြီး၊ နောက်တစ်ဦးကတော့ ဆင်းမ်ကတ်ကုမ္ပဏီမှာ အလုပ်-လုပ်ခဲ့ဖူးကာ ID အတုတွေကို ဖန်တီး အသုံးပြုနိုင်တဲ့သူဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ဒီဂျစ်တယ်နည်းပညာ အသုံးပြု လိမ်လည်လှည့်စားမှုတွေဟာ အိန္ဒိယမှာတင်မကဘဲ မြန်မာနိုင်ငံအတွင်းမှာလည်း ကြီးထွားလာလျက်ရှိနေပါတယ်။

လတ်တလောဖြစ်ရပ်တွေအနေနဲ့ မြန်မာနိုင်ငံအတွင်းမှာ လိမ်လည်သူတွေဟာ ဘဏ်လုပ်ငန်းစနစ်နဲ့ နိုင်ငံရေးအခြေအနေကို အသုံးချပြီး ခြိမ်းခြောက်ငွေညှစ်မှုနဲ့ ငွေကြေးလိမ်လည်မှုတွေကို လုပ်ဆောင်လျက်ရှိနေတာကြောင့် အထူးသတိပြုကြရမှာဖြစ်ပါတယ်။

What to Read Next