မန္တလေး နို၀င်ဘာ ၀၇
ရန်ကုန်-မန္တလေး အစုန်အဆန်အထူးအမြန်ရထားနှစ်စင်းအား၊ ကျောက်ဆည်ဘူတာမှာ ၂ မိနစ်ရပ်တန့်ပေးသွားမှာဖြစ်လို့၊ ခရီးသည်တွေအနေနဲ့၊ ကျောက်ဆည်ဘူတာကနေ လက်မှတ်၀ယ်ယူပြီး၊ စီးနင်းလိုက်ပါနိုင်ပြီလို့ မြန်မာ့မီးရထားက သတင်းထုတ်ပြန်ကြေညာထားပါတယ်။
“ကျောက်ဆည်ဘူတာမှာရပ်ပေးဖို့တင်ပြလာတာတွေရှိတယ်၊ အဲဒီအပေါ်အစည်းအဝေးဆုံးဖြတ်ချက်နဲ့ခွင့်ပြုပေးတာပါ၊ ဘူတာကနေ လက်မှတ်၀ယ်စီးလို့ရပြီဆိုတာကို ခရီးသည်တွေသိရဖို့ ဘူတာတွေမှာ ကြေညာထားပါတယ်” လို့ မြန်မာ့မီးရထား(အထက်မြန်မာပြည်)မန္တလေးဘူတာကြီးမှ ၀န်ထမ်းတစ်ဦးက ပြောပါတယ်။
အရင်က၊ ကျောက်ဆည်ဘူတာမှာ ရပ်တန့်ပေးခြင်းမရှိခဲ့တဲ့ ဒီရထားနှစ်စင်းကို၊ ကျောက်ဆည်မြို့က တက္ကသိုလ်တွေမှာ တက်ရောက်ပညာသင်ကြားနေတဲ့ကျောင်းသားကျောင်းသူတွေ၊ ကျောင်းပိတ်ရက်တွေမှာ မိဘရပ်ထံပြန်ရောက်ရာမှာ အဆင်ပြေချောမွေ့စေဖို့အတွက် ၂ မိနစ်ရပ်တန့်ပေးဖို့ ဆုံးဖြတ်ခဲ့ကြတာလို့ သိရပါတယ်။
“အခုလိုအထူးရထားတွေပါ ရပ်ပေးမယ်ဆိုတော့ အဆင်ပြေတာပေါ့နော်၊ ပုံမှန်ရပ်ပေးနေတဲ့ရထားတွေနဲ့က မလုံလောက်ဘူးလေ၊ ကျောင်းပိတ်လို့အိမ်ခဏပြန်ရတဲ့အချိန်တွေမှာ ရွေးချယ်စရာတွေရှိလာတာပေါ့”လို့ ကျောက်ဆည်နည်းပညာတက္ကသိုလ်ကျောင်းသားတစ်ဦးက ပြောပါတယ်။
ရန်ကုန်-မန္တလေးအစုန်အဆန်အထူးအမြန်ရထားနှစ်စင်းကို အပတ်စဥ် သောကြာနေ့နဲ့တနင်္ဂနွေနေ့တို့မှာ ပြေးဆွဲပေးနေတာဖြစ်ပြီး၊ လမ်းခရီးတစ်လျှောက် ပဲခူး၊ တောင်ငူ၊ ပျဥ်းမနား၊ နေပြည်တော်နဲ့ သာစည်ဘူတာတို့မှာသာ ခေတ္တရပ်တန့်ပေးခဲ့တာပါ။
အခုအခါမှာတော့ ခရီးသည်တွေရဲ့ တောင်းဆိုအကြံပြုချက်အရ၊ ကျောက်ဆည်ဘူတာအပါအ ဝင် ၎င်းဘူတာနဲ့တစ်ဆက်တည်းဖြစ်တဲ့ မင်းစုနဲ့ ဘဲလင်းဘူတာတို့မှာ ၂ မိနစ်စီရပ်တန့်ပေးသွားတော့မှာလို့သိရပါတယ်။
လင်းလင်း