လွန်ခဲ့တဲ့ (၂) နှစ်။၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၉ ရက် ညနေပိုင်း ရန်ကုန်လေဆိပ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီက ဥပဒေအကြံပေးဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးကိုနီ ကို သေနတ်သမား ကြည်လင်း က လုပ်ကြံခဲ့ပါတယ်။
ရန်ကုန်လေဆိပ်မှာ ဦးကိုနီ ကို သေနတ်သမားတစ်ဦးက ပစ်သတ်လိုက်တယ်ဆိုတဲ့ သတင်းနဲ့အတူ အွန်လိုင်းပေါ်မှာ နောက်ဆက်တွဲသတင်းတွေ၊ ဖြစ်စဉ်ဓာတ်ပုံတွေဟာ ချက်ခြင်းဆိုသလို ပျံ့နှံ့ခဲ့ပါတယ်။လေဆိပ်အထွက် ပလက်ဖောင်းပေါ်မှာ လဲကျနေတဲ့ ဦးကိုနီ ရဲ့ ခန္ဓာကိုယ်၊ ပြုစုကုသဖို့ ကြိုးပမ်းနေသူတချို့ ဓာတ်ပုံတွေပါဝင်ခဲ့သလို အဲဒီသတင်းတွေ၊ ဓာတ်ပုံတွေနဲ့ မရှေးမနှောင်းမှာပဲ ကလေးငယ်ကို ပွေ့ချီထားတဲ့ ဦးကိုနီ ရဲ့ နောက်ကနေ ကြည်လင်း က သေနတ်နဲ့ထိုးချိန်နေတဲ့ ဓာတ်ပုံလည်း အွန်လိုင်းပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။အဲဒီမြင်ကွင်းဟာ စိတ်မချမ်းမြေ့ဖွယ် မြင်ကွင်းအဖြစ် စွဲထင်ခဲ့ပါတယ်။
အဲဒီလို ဦးကိုနီ ကို နောက်ကနေ ထိုးချိန်ပစ်ခတ်ပြီးနောက် ထွက်ပြေးသွားခဲ့တဲ့ သေနတ်သမား ကြည်လင်း ကို ဖမ်းဆီးဖို့ကြိုးပမ်းခဲ့တဲ့ အငှားယာဉ်မောင်းတစ်ဦး သေနတ်ထိမှန် သေဆုံးခဲ့တယ်ဆိုတဲ့ သတင်းဟာလည်း ဦးကိုနီ သေဆုံးမှု သတင်းနဲ့ ထပ်ကြပ်မကွာ ထွက်ပေါ်လာခဲ့ပါတယ်။သေဆုံးခဲ့သူဟာ ကိုနေဝင်း ဆိုသူဖြစ်ပြီး ကြည်လင်း ရဲ့ လက်ချက်နဲ့ပဲ သေဆုံးခဲ့ရတာဖြစ်ပါတယ်။
ဒီဖြစ်စဉ်အပေါ် တရားစွဲဆိုခဲ့တဲ့ အမှုဟာ ရုံးချိန်းပေါင်း ၁၀၀ ကျော်၊ နှစ်ဖက်သက်သေ ၁၀၀ ကျော် ချိန်းဆိုစစ်ဆေးမှုတွေနဲ့အတူ (၂) နှစ်ကျော်အကြာမှာ ပြီးဆုံးခဲ့ပါပြီ။အဲဒီစီရင်ချက်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်က ချမှတ်ခဲ့တာဖြစ်ပါတယ်။
အပြီးသတ်စီရင်ချက်မှာ ဦးကိုနီ ကို လုပ်ကြံခဲ့တဲ့အတွက် သေနတ်သမား ကြည်လင်း နဲ့ အောင်ဝင်းဇော် ကို မသေမချင်း ကြိုးကွင်းစွပ်သတ်စေဆိုတဲ့ သေဒဏ်အမိန့်ချမှတ်ခဲ့ပြီး ကိုနေဝင်း ကို သေစေခဲ့တဲ့အတွက် ကြည်လင်း က နောက်ထပ် ထောင်ဒဏ်နှစ် ၂၀ ကိုပါ ပူးတွဲချမှတ်ခံရသလို လက်နက်ကိုင်ဆောင်မှုအတွက် အလုပ်နဲ့ ထောင်ဒဏ် သုံးနှစ်လည်း ချမှတ်ခဲ့ပါတယ်။
အမှုတွဲတွေဖြစ်တဲ့ ဇေယျာဖြိုး ကိုတော့ သက်သေခံပျောက်ပျက်စေခြင်း သို့မဟုတ် သတင်းမမှန်ပေးခြင်း ပုဒ်မ ၂၀၁ အရ ထောင်ဒဏ် ငါးနှစ်၊ အောင်ဝင်းထွန်း က ပြစ်မှုကျူးလွန်သူကို လက်သင့်ခံခဲ့တဲ့အတွက် ပုဒ်မ ၂၁၂ အရ ထောင်ဒဏ် သုံးနှစ် အသီးသီးချမှတ်လိုက်ပါတယ်။
အဲဒီလို အပြီးသတ်စီရင်ချက် အမိန့်အသီးသီးချမှတ်ပြီးချိန်မှာပဲ ဇေယျာဖြိုး အပေါ် စီရင်မှုနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။ဇေယျာဖြိုးအပေါ် ကနဦးစွဲချက်တင်ထားတဲ့ လူသတ်မှု ပုဒ်မ ၃၀၂ (၁)(ခ)/၃၄ ကနေ သက်သေခံပျောက်ပျက်စေခြင်း သို့မဟုတ် သတင်းမမှန်ပေးခြင်း ပုဒ်မ ၂၀၁ ကို ပြောင်းလဲပြစ်ဒဏ်သင့်ခဲ့တဲ့အပေါ် ဝေဖန်ခဲ့ကြတာဖြစ်ပါတယ်။
ဦးကိုနီ ကို လုပ်ကြံမှုမှာ အဓိကပါဝင်ပတ်သက်သူလို့ စွပ်စွဲထားတဲ့ အောင်ဝင်းခိုင် ကတော့ အမှုအပြီးသတ် စီရင်ချက်ချပြီးတဲ့အထိ တိုင် ထွက်ပြေးလွတ်မြောက်နေဆဲပဲ ဖြစ်ပါတယ်။ဦးကိုနီ လုပ်ကြံခံရပြီး နောက်ရက်ဖြစ်တဲ့ ဇန်နဝါရီ ၃၀ ရက်ကစပြီး အောင်ဝင်းခိုင် ဟာ လူမြင်ကွင်းကနေ ပျောက်ခြင်းမလှ ပျောက်သွားပါတယ်။
ပျောက်သွားခဲ့တဲ့နေရာက မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးမြို့တော်ဖြစ်တဲ့ နေပြည်တော်မှာ ဖြစ်ပါတယ်။နေပြည်တော် ပရဆေးဥယျာဉ်နားမှာ ပျောက်သွားခဲ့တာပါ။နေပြည်တော်ထဲ အောင်ဝင်းခိုင် ဝင်ထွက်ခဲ့မှုအပေါ် ခြေရာခံဖို့ စီစီတီဗီတွေကို စစ်ပြန်တော့လည်း မှတ်တမ်းကျန်မနေခဲ့ဘူးဆိုတဲ့ သတင်းစကားသာ ရကြပါတယ်။
အဲဒီကနေ တရားခံပြေးဖြစ်တဲ့ အောင်ဝင်းခိုင် ကို ဖမ်းဆီးရမိရေးအတွက် ၂၀၁၇ ခုနှစ် ဧပြီ ၇ ရက်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့က နိုင်ငံတကာရဲတပ်ဖွဲ့ (Interpol) နဲ့ ချိတ်ဆက်ပြီး အနီရောင်အဆင့် ထုတ်ပြန်လိုက်ပါတယ်။
အောင်ဝင်းခိုင် ကို ဖမ်းဆီးရမိရေး နိုင်ငံတကာပါ ချိတ်ဆက်ဆောင်ရွက်တဲ့ သဘောဖြစ်ပါတယ်။
အောင်ဝင်းခိုင် ဖမ်းဆီးရမိရေး စီအိုင်ဒီက တာဝန်ယူထားသလို နိုင်ငံတကာရဲတပ်ဖွဲ့ (Interpol) နဲ့လည်း ချိတ်ဆက်ထားဆဲ ဖြစ်ပါတယ်။ Interpol ရဲ့ ဝက်ဘ်ဆိုက်မှာလည်း အောင်ဝင်းခိုင် ကို အလိုရှိသူအဖြစ် ကြေညာထားဆဲ ဖြစ်ပါတယ်။
အခုတော့ ဦးကိုနီ လုပ်ကြံခံရမှု၊ ကိုနေဝင်း သေဆုံးမှုတို့အတွက် မြောက်ပိုင်းခရိုင် တရားရုံး အထူးခုံရုံးက အပြီးသတ်စီရင်ချက် ချမှတ်ပြီးခဲ့ပါပြီ။ဒီအခြေအနေအထိ ဦးကိုနီ လုပ်ကြံခံရမှုမှာ အဓိက ပါဝင်ပတ်သက်သူလို့ စွပ်စွဲခံထားရတဲ့ အောင်ဝင်းခိုင် လွတ်မြောက်နေခြင်းဟာ မတရားမှု၊ မမျှတမှုကို ဖြစ်စေပါတယ်။
တရားမျှတမှုကနေ သွေဖည်နေစေပါတယ်။
အောင်ဝင်းခိုင် ဟာ လက်စဖျောက်ခံလိုက်ရပြီလို့ ယုံကြည်ထားသူတွေ၊ သုံးသပ်သူတွေလည်း ရှိပါတယ်။မည်သို့ပင်ဆိုစေ ဦးကိုနီ လုပ်ကြံခံရမှုမှာ အဓိကလူအဖြစ် ပါဝင်ပတ်သက်နေတဲ့ အောင်ဝင်းခိုင် တရားစီရင်ရေးလမ်းကြောင်းပေါ်ကို ရောက်မလာခြင်းဟာ ဦးကိုနီ သေဆုံးရခြင်းနဲ့ ပတ်သက်ပြီး တရားမျှတမှု ရှာဖွေရာမှာ မတရားမှု၊ မမျှတမှုကို ဖြစ်စေပါတယ်။
ထိုနည်းတူပဲ အပြီးသတ်စီရင်ချက်မှာ ထောင်ဒဏ်ငါးနှစ်သာ ကျခံစေဖို့ အမိန့်ချမှတ်ခံလိုက်ရတဲ့ ဇေယျာဖြိုး ဟာ ဦးကိုနီ ကို လုပ်ကြံဖို့အတွက် နောက်ကွယ်က ငွေကြေးစိုက်ထုတ်သူလို့ သတင်းတွေထွက်၊ ထင်ကြေးတွေထွက်နေသူဖြစ်ပြီး သူ့အပေါ် အခုလို သက်သေခံပျောက်ပျက်စေခြင်း သို့မဟုတ် သတင်းမမှန်ပေးခြင်း ပုဒ်မ ၂၀၁ နဲ့ ထောင်ဒဏ်ငါးနှစ် ချမှတ်ခြင်းအပေါ်လည်း ဝေဖန်မှုတွေ ပြင်းပြင်းပြင်းထန်ထန် ထွက်ပေါ်လျက်ရှိပါတယ်။
အခုလို ဇေယျာဖြိုး အပေါ် ထောင်ဒဏ်ငါးနှစ်သာ ချမှတ်ခြင်းဟာ ဥပဒေအရ ညီညွတ်မှုမရှိဘူးလို့ ဦးကိုနီ ရဲ့ အကျိုးဆောင် တရားလွှတ်တော်ရှေ့နေ ဦးနေလ က ဆိုထားပြီး အဲဒီအတွက် ရာဇဝတ်ပြင်ဆင်မှု တင်သွင်းမယ်လို့လည်း ဆိုပါတယ်။
ထို့အတူ ကြည်လင်း အပါအဝင် လေးဦးကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မနဲ့ ထပ်မံအရေးယူပေးဖို့ မြန်မာနိုင်ငံ လွတ်လပ်သောရှေ့နေများအသင်းက နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ လွှတ်တော်ဥက္ကဋ္ဌတို့ထံ အစီရင်ခံစာ တင်သွင်းတောင်းဆိုဖို့လည်း စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေ ဖတ်ရပါတယ်။
သေနတ်သမား ကြည်လင်း နောက်မှာ အောင်ဝင်းဇော်၊ အောင်ဝင်းဇော် နောက်မှာ အောင်ဝင်းခိုင်၊ အောင်ဝင်းခိုင် ရဲ့ နောက်မှာရှိနေသူက ဇေယျာဖြိုး လား ဆိုတဲ့ မေးခွန်းတွေဟာလည်း ရှိနေပါတယ်။အောင်ဝင်းခိုင် နောက်မှာ ရှိနေသူက ဇေယျာဖြိုး မဟုတ်ခဲ့ဘူးဆိုရင်တောင် အခြားတစ်ပါးသော လူပုဂ္ဂိုလ်တစ်ဦးကတော့ ရှိနေမှာ အသေအချာပဲဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိပါတယ်။
ဦးကိုနီ လုပ်ကြံခံရမှုမှာ ကြည်လင်း၊ အောင်ဝင်းဇော်၊ အောင်ဝင်းခိုင် တို့ရဲ့ နောက်ကွယ်ကနေ ကြိုးကိုင်ခိုင်းစေနေသူတွေ ရှိနေတယ်ဆိုတာကတော့ မလွဲတဲ့အမှန်တရား ဖြစ်ပါတယ်။
ဒီတော့ ဦးကိုနီ သေဆုံးခဲ့ရမှုအပေါ် တရားမျှတမှု ရှာဖွေနိုင်ဖို့ဆိုရင်တော့ အောင်ဝင်းခိုင် ကို တရားစီရင်ရေး လမ်းကြောင်းပေါ် ဆွဲတင်နိုင်ဖို့လိုမှာဖြစ်သလို အောင်ဝင်းခိုင် ရဲ့ နောက်ကွယ်က ငွေကြေးထောက်ပံ့ ကူညီပေးခဲ့တဲ့ အဓိက ပါဝင်ပတ်သက်နေသူကိုလည်း ဖော်ထုတ်ပြီး တရားစီရင်ရေး လမ်းကြောင်းပေါ် ဆွဲတင်လာဖို့ လိုမှာဖြစ်ပါတယ်။
နိဂုံးချုပ်အနေနဲ့ ပြောရမယ်ဆိုရင်တော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်က ချမှတ်လိုက်တဲ့ အပြီးသတ်စီရင်ချက်နဲ့တင် ဦးကိုနီ လုပ်ကြံခံရမှုကို ဇာတ်သိမ်းမသွားစေလိုပါဘူး။နောက်ကွယ်က ကြိုးကိုင်သူတို့ကို ဖော်ထုတ်နိုင်ဖို့လည်း လိုပါတယ်။သို့မှသာ ဦးကိုနီ လုပ်ကြံခံရခြင်းအပေါ် တရားမျှတမှုကို ရရှိဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
ဂျေငြိမ်း
ဖေဖော်ဝါရီ – ၂၃